Friday, 6 January 2012

Can reason and circumstances justify the violence against women?

Shocking video: Thugs take turns to savagely beat up women

မလေးရှားနိုင်ငံမှာ မြန်မာအမျိုးသမီးနှစ်ဦးကို မြန်မာအမျိုးသားအချို့ က မညှာမတာ ၀ိုင်းဝန်းရိုက်နှက်နေတာကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုတစ်ခု Facebook မှာ ပြန့်နေပါတယ်။

ဗီဒီယိုထဲမှာ စကားသံတွေက လုံးနေလို့ သဲသဲကွဲကွဲ နားမလည်ပေမယ့် အကြမ်းဖျင်း သိရသလောက်ကတော့ အဲဒီ အမျိုးသမီးနှစ်ဦးက လူမျိုးခြား (ဘင်္ဂလား ကုလား၊ နီပေါလူမျိုး) တွေနဲ့ ပတ်သက်နေကြပြီး အဲဒီလူတွေဆီက ဟန်းဖုန်း စတဲ့ လက်ဆောင်တွေကို လက်ခံရယူကြပါတယ်။ အဲဒီအတွက် ဒီအမျိုးသားတွေက (သူတို့ ပြောပုံအရ) သူတို့ရဲ့ ညီမတွေလို သဘောထားပြီး ရိုက်နှက်ဆုံးမကြတာပါ။ အဲဒီအထဲမှာ ခပ်ငယ်ငယ် ပိန်ပိန်ပါးပါး (အင်္ကျီအဖြူ၊ ဂျင်းဘောင်းဘီနဲ့) တစ်ယောက်က အားရပါးရ ဆွမ်းကြီး ၀င်လောင်းတာကိုလည်း တွေ့ရပါတယ်။

စင်ကာပူ အတင်း၊သတင်း ဆိုဒ်ဖြစ်တဲ့ Stomp မှာ ဒီဗီဒီယိုနဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုး ဖော်ပြဆွေးနွေး ထားကြပါတယ်။ စင်ကာပူလူမျိုးတွေက အဖြစ်အပျက်ကို နားမလည်ပေမယ့် မိန်းကလေးတွေကို မညှာမတာ ရိုက်နှက်နေတာကို တွေ့တာနဲ့ပဲ အဲဒီအမျိုးသားတွေဟာ မကောင်းတဲ့သူတွေပဲ ဖြစ်ရမယ်လို့ ချက်ချင်း ကောက်ချက်ချကြတာကို တွေ့ရပါတယ်။  ကိုယ်ထိလက်ရောက် ရုန့်ရုန့်ရင်းရင်း ပြုမူဆက်ဆံတာကို ရွံရှာတဲ့ သဘောထားတွေကို ဖော်ပြထားကြပါတယ်။ဒီထဲမှာ မြန်မာလူမျိုးအချို့ကလည်း အဲဒီ အမျိုးသားတွေဖက်က ကာကွယ်ပြောဆိုထားကြပါတယ်။ (အပေါ်က လင့်ခ်ကိုနှိပ်ပြီး Stomp ဗီဒီယိုကို ကြည့်ပါ။ အဲဒီက Comment တွေကို ဖတ်ကြည့်ရင် မတူတဲ့ အမြင်တွေကို တွေ့ရပါလိမ့်မယ်)

လူမျိုးခြားတွေရဲ့  အမြင်က -
၁။ မိန်းကလေးက ပျက်စီးသည်ဖြစ်စေ ဆိုးသွမ်းသည်ဖြစ်စေ၊ ဒီလို ကိုယ်ထိလက်ရောက် အကြမ်းဖက် ခြင်းဟာ လုံးဝမသင့်တော်ပါ။ ဆုံးမရာလည်း မရောက်ပါ။
၂။ ဗီဒီယိုထဲက အမျိုးသားတွေဟာ မိန်းကလေးတွေကို ကောင်းစေချင်တဲ့ စေတနာထက်၊ အာဏာပြချင်တဲ့စိတ်နဲ့ ရိုက်နှက်ခြင်း ဖြစ်ပါတယ်။
၃။ မိန်းကလေးတွေက ဘာတွေလုပ်ခဲ့လို့ ဒီလိုအရိုက်ခံရတယ်ဆိုတာကို သိသွားတဲ့ အခါမှာတောင်မှ အဲဒီမိန်းကလေးတွေကို အပြစ်ပြောမယ့်သူ တစ်ယောက်မှ မရှိပါဘူး။ သူတို့လူမျိုး မဟုတ်လို့လဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

ကိုယ်ပိုင်အမြင်ကို ပြောရရင်တော့..
ကိုယ့်နှမအရင်းတွေ၊ တူမကလေးတွေ ဒီလိုဖြစ်နေတယ်ဆိုရင် ဒေါသနဲ့ ရိုက်မိမှာပါဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် ကိုယ်နဲ့ ဘာမှမတော်တဲ့ မိန်းကလေးတွေကို လုံးဝမထိသင့်ပါဘူး။ မြန်မာ့လူနေမှု အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်နဲ့ ဝေးနေတဲ့အတွက် နီးစပ်ရာ ယောကျာ်းတွေက ကိုယ့်လူမျိုးအချင်းချင်းမို့ စေတနာနဲ့ ဆုံးမတယ်ဆိုရင် ကောင်းကောင်းမွန်မွန် ပြောဆိုဆုံးမသင့်ပါတယ်။ မိန်းကလေးတွေက ရိုင်းရိုင်းစိုင်းစိုင်း တုန့်ပြန်လာမယ်ဆိုရင်တောင် လူကြီးဆန်ဆန် အကျိုးသင့်အကြောင်းသင့် ဆုံးမသင့်ပါတယ်။ အခုဟာက မိန်းကလေးတွေက ဆဲတာဆိုတာတောင် မရှိပါဘူး။ ဒီလို ရိုက်နှက်တာကတော့ အာဏာပြချင်စိတ် ပိုများတယ်လို့ မြင်ပါတယ်။ ဒီထဲမှာ ဆွမ်းကြီးဝင်လောင်းတဲ့ ပိန်ပိန်နဲ့ လူငယ်ကိုတော့ လုံးဝအထင်သေးပါတယ်။
မြန်မာ့ယဉ်ကျေးမှုမှာ ပတ်ဝန်းကျင်ရဲ့  အခန်းကဏ္တက တော်တော် အရေးပါပါတယ်။ ဆိုးသွမ်းတာ၊ အမြင်မတော်တာတွေကို ပတ်ဝန်းကျင်က ၀ိုင်းပြီး ဆုံးမပဲ့ပြင်ပေးကြတဲ့ အကျင့်ရှိပါတယ်။ ဒါကောင်းတဲ့ အချက်ပါ။ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း မရှိတဲ့ နေရာမှာ အထူးသဖြင့် လူငယ်တွေ အလွန်ပျက်စီးလွယ်တတ်ပါတယ်။ လူတွေ တကိုယ်ကောင်း ပိုဆန်တတ်ပါတယ်။ အထီးကျန် ပိုဖြစ်တတ်ပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ရဲ့  အားနည်းချက်တစ်ခုကတော့ ငါမကြိုက်ရင် မှားတယ်၊ ငါနဲ့ မတူ လူမဟုတ် ဆိုတဲ့ စိတ်ဓာတ် ဖြစ်ပါတယ်။ ဒီပို့စ်ရဲ့  လိုရင်းကနေ ချော်သွားမှာစိုးလို့ ဆက်မပြောတော့ပါဘူး။

ဒီပို့စ်နဲ့ ဆက်စပ်ပြီး အကြမ်းဖက်တတ်တဲ့ လူတွေအပေါ် ကိုယ်ပိုင်အမြင်ကို ပို့စ်တစ်ခုသပ်သပ်ရေးပါဦးမယ်။

ဒါပေမယ့် ဒီပို့စ်ရဲ့  အဓိက ရည်ရွယ်ချက်ကတော့ စာဖတ်သူတွေရဲ့ ကိုယ်ပိုင် အမြင်တွေကို သိချင်တာပါပဲ။ Can reason and circumstances justify the violence against women? ကျယ်ကျယ်ပြန့်ပြန့် ၀ိုင်းဝန်းဆွေးနွေးပေးကြပါလို့ ဖိတ်ခေါ်ပါတယ်။
**** ****

3 comments:

  1. “ဒါပေမယ့် ပတ်ဝန်းကျင်ရဲ့ အားနည်းချက်တစ်ခုကတော့ ငါမကြိုက်ရင် မှားတယ်၊ ငါနဲ့ မတူ လူမဟုတ် ဆိုတဲ့ စိတ်ဓာတ် ဖြစ်ပါတယ်”။စာရေးသူရဲ့ ဒီအယူအဆကိုထောက်ခံပါတယ်။ကိုယ်ထိလက်ရောက် ၇ိုက်နှက်တယ်ဆုတာ ဘယ်လူမျိုးရဲ့ယဉ်ကျေးမှုနဲ့မှမဆီလျှော်ပါဘူး။ဘယ်ဘာသာတရားနဲ့မှမကိုက်ညီပါဘူး။ အကြောင်းပြချက်မခိုင်လုံပါဘူး။
    နိုင်ငံရပ်ခြားမှာနေသူတွေအနေနဲ့အမတန်သတိပြုရမယ့်အချက်ဖြစ်ပါတယ်။
    အရင်းအချာပင်ဖြစ်လင့်ကစား ကြမ်းတမ်းစွာမဆုံးမသင့်ပါဘူး။ အခြားနည်းလမ်းနဲ့သာကူညိသင့်ပါတယ်။ အခုတော့ဘာပဲဖြစ်ဖြစ် လူမျိုးရေးအနေနဲ့ ကြည့်ရင်ပြဿနာကကြိးသွာတယ်လို့ယူဆပါတယ်။

    ReplyDelete
  2. ဒီလိုပြုမူခြင်းဟာ အကြမ်းဖက်တာလား ဆုံးမတာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ပထမအချက်ကတော့ မြန်မာတွေမှာ ဒီလို အကျင့်စရိုက်ပျက်ပြားသူတွေကို ဆုံးမတယ်ဆိုတာရှိပါတယ်။ မိန်းကလေးဖြစ်စေ ယောကျားလေးကိုဖြစ်စေ သွန်သင်ဆုံးမချင်လျှင် ရှင်းလင်းပြောဆိုဆုံးမတာ
    အကောင်းဆုံးပါပဲ။ မြန်မာယဉ်ကျေးမူမှာ ဒီလိုရိုက်နှက်ဆုံးမတာ တခါမှမတွေ့ဘူးပါဘူး။ လူကြီးမိဘတွေ ဆုံးမတယ်ဆိုရင် ဒီလိုပဲ ပြောဆိုဆုံးမကြပါတယ်။ ဒီထဲက လူတွေက မြန်မာယဉ်ကျေးမူနဲ့မကိုက်ညီပဲ ပြက်စီးနေသူများကို မြန်မာ့ယဉ်ကျေးမူနဲ့ မကိုက်ညီစွာ သွန်သင်ဆုံးမနေကြတယ်လိုမြင်မိပါတယ်။ ဒုတိယအချက်က ဒီဗီဒီယိုကို ပထမမြင်လိုက်တာနဲ့ ထိုပုဂ္ဂိုလ်များ၏ စရိုက်ကို တွေမြင်ရပါတယ်။ ထိုလူများသည် တပါးသူကို ဆုံးမသည်သာပြောသည် မိမိတို့၏ လုပ်ရက်ကြောင့် မိမိတို့၏ အဆင်အတန်းဘယ်အခြေအနေသို့ ဆိုက်ရောက်သွားမည်ကို မှန်ကန်စွာ မသုံးသပ်တက်သော သူများဖြစ်သည်။ ဒီတော့ ထိုလူများသည် လူဆိုးဖြစ်သွားသည်။ မုဆိုးမှ သားကောင်ဘဝရောက်သွားသည်။ တတိယအချက်ကတော့ အမျိုးတော်သည်ဖြစ်စေ မတော်သည်ဖြစ်စေ ဒီလို ရိုင်းဆိုင်းစွာ ရိုက်နှက်ဆုံးမရန်မလိုပါ။ ရိုက်နှက်ဆုံးမခြင်းသည် ဘာမှမသိနားမလည်သော တိရိစ္ဆာန်များကို ဆိုဆုံးမသောနည်းလမ်းဖြစ်ပါသည်။ ထိုမိန်းကလေးများသည် သိတက်နားလည်သောလူများဖြစ်ပါသည်။ မိမိထက်အားနည်းသော အမျိုးသမီးများဖြစ်ပါသည်။ လူကိုလူတစ်ယောက်လို ပြုမူဆက်ဆံသင့်ပါသည်။ ခြုံကြည်လျှင် ဤသို့ပြုမူခြင်းသည် အကြမ်းဖက်မူသာ ဖြစ်ပါသည်။

    ReplyDelete
  3. Thanks for your comments. I'm glad to see rational thinkings. Assuming that above comments were from female young adults, I would still like to hear the men's point of views. :)

    ReplyDelete